Connect with us

Hi, what are you looking for?

ဆောင်းပါး

ပိုင်ရှင်မဲ့သွားတဲ့ ပုတီးတစ်ကုံး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

ထွန်းညိုဦး/People’s Spring

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

ဆွဲလွဲအိုရွာဘုန်းကြီးကျောင်းက တရားစခန်းဟာ ၂၀၁၅ ခုနှစ်ကတည်းက ဖွင့်လာခဲ့တာဖြစ်ပြီး ၂၀၂၀ ကိုဗစ်ကာလမှာ ရပ်နားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်အတန်ကြာ ရပ်နားခဲ့ရာမှာ မနှစ်က ၂၀၂၅ ခုနှစ်မှာတော့တရားစခန်းတွေပြန်ဖွင့်ခဲ့တယ်။

အခု ဝါတွင်းကာလတရားစခန်းမှာလည်း လာဝင်တဲ့သက်ကြီးရွယ်အိုတွေ များခဲ့တယ်။ မြောင်နယ်ရွာအစုံက လူကြီးတွေ အသက် ၅၀ ကျော်ကနေ ၈၀ ဝန်းကျင်အထိ ပါတယ်လို့ သိရတယ်။

Public Service Announcement

Public Service Announcement

မနက် ၉ နာရီ မိနစ် ၂၀ လောက်မှာ တရားဖြုတ်တယ်။ ယောဂီတွေ ခဏနားဖို့ ကိုယ့်နားနေဆောင်ကို ပြန်ဖို့ အမှတ်သတိလေးနဲ့ ထကြတယ်။ အဲဒီအချိန်မှာပဲ ကြီးမားတဲ့ ပေါက်ကွဲသံကြီးတွေပေါ်ထွက်လာပြီး​ယောဂီတွေလည်းလွင့်စင်သွားတော့တယ်။ အာဏာသိမ်းစစ်တပ်က အဲဒီတရားစခန်းကို လေကြောင်းတိုက်ခိုက်လိုက်တာပါ။

“သင်တန်းတရားပြီးသွားပြီ။ အထဲကနေ အပြင်ထွက်တဲ့အချိန် ကိုယ့်နေရာလေးကို နားနေဆောင်မှာ ပြန်ကြပြီပေါ့။ နားနေဆောင်မှာ ရောက်တဲ့အချိန်ပေါ့”လို့ ဒေသခံ ကိုစိုး(အမည်လွှဲ)ကပြောပါတယ်။

ယောဂီတွေ သွေးထွက်သံယိုတွေနဲ့ သေဆုံးသွားကြတယ်။ တချို့ယောဂီတွေ ခြေပြတ်လက်ပြတ်။တချို့ယောဂီတွေနားတွေအူထွက်သွားတယ်။ကယောင်ကတမ်းနဲ့ ပြေးကြလွှားကြတယ်။ “မသေဘဲ ဒဏ်ရာရတဲ့သူတွေကို ဆွဲထုတ်ပြီး အနီးစပ်ဆုံး ဆေးခန်းတို့ဘာတို့ ပို့ရတယ်။ တချို့လူကြီးတွေဆိုရင် နားတွေပါအူပြီးမကြားရတော့တာရှိတယ်။တချို့တွေ သွေးရူးသွေးတန်းနဲ့ပတ်ပြေးတာတွေရှိတယ်”လို့ တွေ့မြင်ခဲ့တဲ့ ကိုစိုးက ပြောပြတယ်။

တရားစခန်း လေကြောင်းဗုံးကြဲခံရတယ်ဆိုတော့ သားတွေသမီးတွေလည်းအပြေးအလွှားရောက်လာကြတယ်။ အသက်မီသူလည်းမီ၊ မမီသူလည်းမမီကြတော့။ သေဆုံးသူတွေအလောင်းတွေကို စောင်တွေနဲ့ပတ်ထားရတယ်။ စောင်မလွယ်တဲ့သူတချို့ကိုတော့ ခြင်ထောင်နဲ့ပဲ ပတ်ပေးထားတယ်။

“သေဆုံးသူတွေကငါးဆယ်ကျော်ပိုင်းတွေချည့်ပဲ။အမျိုးသားတွေပိုများတယ်။ကျတဲ့နေရာက အမျိုးသားယောဂီဆောင်ပေါ် တည့်ကျတာဖြစ်လို့။”လို့ ကိုစိုးက ပြောတယ်။

အဲဒီနေ့ကယော​ဂီတွေ၁၄ယောက်သေဆုံးတယ်။ ဒဏ်ရာရတဲ့အထဲက ဒီကနေ့မှာ ဆုံးရှုံးတာက တစ်ယောက်ထပ်တိုးတော့ အကုန်လုံး ၁၅ ယောက်ရှိပြီလို့ ဒေသခံတွေက ပြောတယ်။ ဒဏ်ရာရသူကလည်း ၂၇ ဦးတောင်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသူက နှစ်ယောက်လောက်ရှိတယ်လို့ သိရတယ်။ “ကျန်တာတွေကတော့ ခြေထောက်ဖြတ်ရမယ့်ဟာတို့၊ လက်ဖြတ်ရမယ့်ဟာတို့။ အသက်ကြီးပိုင်းတွေချည့်ပဲ တရားစခန်းဆိုတော့”လို့ ကိုစိုးက ပြောတယ်။

တကယ်တော့ တရားထိုင်ပြီးရင် ရွာထဲကလူတွေလည်း ဥပုသ်နေ့မို့ သီလ လာယူကြတော့မှာပါ။ “ရွာထဲက အစောရောက်တဲ့သူတွေထိတာ။ အများကြီး မလာကြသေးဘူးပေါ့။ ယောဂီတွေလောက်ပဲ ရှိသေးတာကိုး။ ဒီထက့်နောက်ကျသွားရင် ဆုံးရှုံးမှုဒီ့ထက်များမယ်”လို့ ကိုစိုးက ပြောပြတယ်။

တကယ်တော့ အာဏာသိမ်းစစ်တပ်ရဲ့လေယာဥ်လာတာကို ဒေသခံတွေ သိခဲ့ပါတယ်။ သို့ပေမဲ့ ထင်မထားခဲ့ဘူး။ “လေယာဥ်လာတော့လည်း ဝဲတော့လည်း သိတော့သိတယ်။ တရားစခန်းဆိုတော့ မချလောက်ဘူးထင်တာပေါ့။ ယောဂီတွေလည်း ဒီအတိုင်းပဲ သူ့ဟာသူနဲ့သူနေနေတာ။ပြီးကျမှချသွားတာ”လို့ ကိုစိုးက ပြောပြတယ်။

အာဏာသိမ်းစစ်တပ်ကတော့ ထုံးစံအတိုင်း PDF စခန်း ဗုံးကြဲတာလို့ ဝါဒဖြန့်ပြန်ပါတယ်။ ဗုံးကြဲခံခဲ့ရတဲ့ တရားစခန်းထဲမှာတော့ တရားထိုင် သင်ဖြူးဖျာလေးတွေ၊ ခြေထောက်မနာအောင်ခင်းတဲ့အညာစောင်ကလေးတွေဟာပြန့်ကျဲနေတယ်။ တရားထိုင်ဖျာလေးအနီးမှာတော့မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ သံသရာလည်ပတ်ပုံကိုပြတဲ့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာတော်လက်ကမ်းစာရွက်လေးတစ်ရွက်ရယ်၊ ပုတီးလေးတစ်ကုံးရယ်၊ သွေးဆေးဘူးလေးရယ်၊ ညောင်းရင်နာရင်လူးဖို့ လိမ်းဆေးဘူးလေးရယ်က ပိုင်ရှင်မဲ့သွားခဲ့ပါပြီ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ကဩဂုတ်လ ၂၆ ရက်နေ့ညနေပိုင်းမှာ ချင်းပြည်နယ်ပလက်ဝမြို့နယ် မီးဇာရွာကို လေယာဉ်အုပ်နဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းရွှေသောင်ယံမြို့နယ်ထဲကို ၂၀၂၅ ဇန်နဝါရီလနောက်ပိုင်း စစ်တပ်က စစ်သင်္ဘောနဲ့စစ်ကားအများအပြား ပို့​ဆောင်အင်အားဖြည့်တင်းပြီးစစ်ပြင်နေပါတယ်။

သတင်း

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။